ငါ နဲ့ မတူ ငါ့ ရန်သူ
နင် နဲ့ မတူ နင့် ရန်သူ
ငါ နဲ့ နင် နဲ့ လဲ မတူ
ငါ့ ရန်သူ နဲ့ နင့် ရန်သူ
သူတို့ ကျတော့ အတူတူ။ ။
၁၅ ရာစုနှစ်ရဲ့ နှောင်းပိုင်းကာလ
ခရစ်စတိုဖါ ကိုလံဘတ် ဆိုတဲ့
အီတလီနိုင်ငံဖွား
နယ်ချဲ့ ကိုလိုနီသမားကြီးဟာ
အမေရိကကို စတင်တွေ့ရှိခဲ့တယ်
အဲဒီကနေ စလို့ပေါ့ ….။

နောက်တော့ ….
အမေရိကကို
အင်္ဂလိပ် မြေရှင်ကြီးတွေ ရောက်လာတယ်
(အမှန်က ထွက်ပြေးလာကြတာ)
လူကို သားကောင်လို အမဲလိုက် ဖမ်းဆီးခံခဲ့ရတဲ့
အာဖရိကန် လူမည်းတွေ ရောက်လာကြတယ်
အိန္ဒိယအနောက်ဘက်ခြမ်းက လူမည်းအချို့လည်း ပါမယ်ထင်တယ်
ရောက်လာကြတယ်
အမေရိကကို ရောက်လာကြတယ်။

၁၈၆၁ မှာ
အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်ဖြစ်တယ်
၁၈၆၅ မှာ ပြည်တွင်းစစ်ပြီးဆုံးတယ်
စစ်နိုင် သမတ လင်ကွန်းက
ကျေးကျွန်စနစ်ကို ဥပဒေပြု ဖျက်သိမ်းလိုက်တယ်
ဒီတော့
လူမည်းတွေ ကျေးကျွန်ဘ၀က လွတ်မြောက်ခဲ့ပြီပေါ့ ….။

အဲဒီကစလို့
အမေရိကဟာ
နှစ်လိုဘွယ်ရာ လူ့ နတ်ဘုံ နတ်နန်းလို့
အံ့မခန်း ပြောပြောနေကြတယ်
အမေရိကဟာ
ခေတ်သစ်နယ်ချဲ့စနစ်နဲ့
မနူးမနပ်တဲ့ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်လာတယ်
ဒီကြားထဲ …
သူ့ကြွယ်ဝမှုကို ပိုမိုဖွံ့ဖြိုးပေးလိုက်တဲ့
ကမ္ဘာစစ်ကြီးနှစ်ခုကလည်း
သူ့အတွက် ပါရမီဖြည့် ဖြစ်ပေးလိုက်ရသေးတယ်
ဘယ်လို နားလည် မုဒိတာပွားရမှန်း မသိလောက်အောင်
အောင်မြင်ကြော်ကြားလှတဲ့ ကိုရွှေအမေရိကားဟာ
၂၀ ရာစုနှောင်းပိုင်းကာလမှာလည်း
ဆိုဗီယက်ယူနီယံ ကျရှုံးခြင်းနဲ့ အတူ
စစ်အေးတိုက်ပွဲကြီးကိုလည်း
ပေါချောင်ကောင်း အနိုင်ရလိုက်သေးရဲ့ ….။

ဒီလိုနဲ့
၂၁ ရာစုဟာ
ကမ္ဘာမြေပေါ် ဆိုက်ရောက်လာတယ်
အသေခံ အကြမ်းဖက်မှုတွေ
ခေတ်စားလာတယ်၊
လက်နက်ကိုင် တော်လှန်ရေးခေတ် ကုန်သွားပြီလို့လည်း
အားတိုင်းယားတိုင်း အမြုပ်ထအောင် ပြောပြောနေကြတယ်၊
ကမ္ဘာ့ စီးပွားပျက်ကပ်ကိုလည်း
အမေရိကန်က ဦးဆောင်ပြီး ဖြစ်ပွားနေဆဲပဲ။

ဗမာပြည်က စစ်အာဏာရှင်ဆီကိုလည်း
ဂျိုကောင် ယက်တော ဖေါက်တဲ့ လမ်းကနေ
အမေရိကန် အမတ်တွေ၊ ဝန်ကြီး ဝန်ကလေးတွေ လာ လာနေကြတယ်
(ရန်ဖြစ်ချင်ယောင် ဆောင်ခဲ့ရတဲ့ကာလ ကုန်သွားပြီ)
နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းတွေ ဖေါက်ဖို့ပြင်ကြတယ်
ဒေါ်အောင်ဆန်းစုကြည် ခမျာလည်း
မတရား အကျဉ်းကျခံနေရရာက
အယူခံ တင်ရ …
ပါတီ အားကောင်းမောင်းသန် ရှင်သန်ရေးအတွက်
ပါတီရဲ့ ခေါင်းဆောင်မှုကို ပြင်ဆင်ဖွဲ့စည်းဖို့ ကြိုးစားရနဲ့
ငါတို့ အမ
လူထုဘက်ကနေ ခက်ခက်ခဲခဲ ရပ်တည်နေဆဲကို ….။

ဒီကြားထဲ
၂၀၁၂ မှာ ကမ္ဘာကြီး ပျက်လိမ့်မယ် ပြောနေကြတယ်
အင်ဒိုနီးရှား ဆူနာမီဖြစ်တယ်
မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်း ဖြစ်တယ်
မနေ့တနေ့ကမှ
လူနှစ်သိန်းနီးပါးသေဆုံးတဲ့ ဟေတီ ငလျင်ဖြစ်တယ်
ဗမာပြည်က ဒုက္ခသည်တွေ
(အတုရော၊ အစစ်ရော)
နယ်စပ်ကို အင်နဲ့အားနဲ့ ရောက်ရှိလာနေတယ်
ကိုရွှေအမေရိကကို သွားကြမယ်ပေါ့ …
ကလေးတွေရဲ့ အနာဂတ်
မိသားစု ရပ်တည်ရေး
ရွေးစရာဆိုလို့ …
ဘဝနဲ့ရင်းပြီး ဒီလမ်းကို ရွေးချယ်နေကြတာ …။

ကံဆိုးမသွားရာ
မိုးလိုက်လို့ရွာတယ်ပြောမလား၊
မြေနိမ့်ရာကိုမှ လှံက လှလှပပစိုက်တယ်ပဲပြောမလား
ဒုက္ခသည် စစ်စစ်အချို့ ခမျာ
ကိုရွှေအမေရိကန်က
မရွေးချယ်၊ အကန့်အသတ်မရှိ ဆိုင်းငံ့ငြင်းပယ် နေသတဲ့ ….။

၂၀၁၂ မှာ …
ကမ္ဘာကြီး ပျက်မပျက် ဆိုတာထက်
၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လို့
၂၀၀၈ စစ်အုပ်စု အခြေခံဥပဒေသာ တရားဝင် အသက်ဝင်ခဲ့ရင်
၂၁ ရာစုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့
ကိုရွှေအမေရိကန် ခင်ဗျား …
ဗမာပြည်ဟာ
ရွှေပြည်တော် မျှော်တိုင်းဝေး ဘဝနဲ့
တော်လှန်ရေး စစ်စစ်ကိုသာ တောင်းဆိုတယ်။ ။
ငြိမ်းလူ …
ခင်ဗျားနဲ့ ကျနော့်ကြားမှာ
နယ်စည်းမခြား
မျဉ်းကြောင်းပါးပါးလေးတောင် မရှိခဲ့ကြဘူး။

ကဗျာရေးသူနဲ့ ကဗျာရေးသူ
ကဗျာရေးသူနဲ့ အယ်ဒီတာ
အနုပညာချစ်သူနဲ့ အနုပညာချစ်သူ
တထပ်တည်းတူညီတာက
အာဏာရှင်စနစ်တိုက်ဖျက်ရေး
ဘဝကို ပေးဆပ်ခဲ့ကြသူချင်း
ပန်းခင်းကို မြင်းစီးလျှောက်ကြည့်သူများမဟုတ်။

ချုံပုတ်ပေါ်
စိုင်ကော်လို့ ရောက်ခဲ့သူများ
ဗဟိုခွာအားပြင်းပြင်းနဲ့ မိုးပျံပူဖောင်းများ
အသိုက်အဆောက်ကောင်းသူများ
“ထားလိုက်စမ်းပါ အစ်ကိုရာ” တဲ့
ပါးစပ်ကိုမဲ့ လေသံကိုရွဲ့
သဲ့သဲ့သောသော ရယ်မောပစ်တတ်သူ။

စိုက်ထူခဲ့တဲ့ မိုင်တိုင်တွေကို အရွှန်းဖောက်
ရန်သူကို အကြောက်တရားမဲ့ ရင်ဆိုင်
ကျည်မိုးဖြိုင်ဖြိုင်ရွာချခဲ့ကြပုံ ...
.....................
ကြုံတဲ့အခါ ပုံဖော်ပြသ
ခနော်ခနဲ့ဘဝမှာ
ကဗျာလေးတွေ ရေးချင်ရေး
“မတွေးတော့တာပဲ ကောင်းပါတယ် ... အစ်ကိုရာ” တဲ့
(ခုတော့ ... သူက)
စိတ်ချလက်ချထားခဲ့ပြီ။ ။
လေးဘက်လုံထဲ
ပုန်ကန်ရဲသူတွေနဲ့ ကျောကိုကျောကပ်
အိပ်တတ်ခဲ့ပြီး
မျှစ်ချိုး၊ မှိုရှာ
(တရားမျှတမှု အတွက်)
ကျွန်းဝဲ ဖြစ်သွားရှာသူတွေနဲ့
ရင်ကို ရင်ချင်း အပ်နှင်းခဲ့တယ်။

စစ်ရဲ့ အဓမ္မထွက်ကုန်တွေကို
အော့နှလုံးနာတတ်ပြီး
(ရ၄) မှာရင်ခုန်
(၈၈) မှာမေတ္တာသင်းထုံခဲ့သူ ဖြစ်တယ်။

ယ္ခု...ထိ.. ဓါးသွားထက်တုန်း
လှံသွား မြတုန်း။

သူ့မှာ မျက်မှန်၊ စက်ဘီး
ယုံကြည်ချက် ခရီးအတွက်
မက်မက်စက်စက်ကြီးကို
လျှောက်လှမ်းနေဦးမှာ အသေအချာ။ ။
ပင့်သက်ပြင်းတွေဟာ
လေပြေလေညှင်းမဟုတ်
ရုပ်ကိုစောင့်သောအဟာရရဲ့ သြဇာမှာ
မြေဆီလွှာတို့ပျက်စီး
အလျှံညီးညီးမီးတောက်တွေကိုမျိုချ
တချို့ ဆေးစက်ကျရာ အရုပ်ဖြစ်
တချို့ကွက်ကျားမိုးပြင်းလိုက်လို့ရွာ
ဗဟိုခွာအားသာ တိုးများလာရာမှ…။

ဟောဒီက မြစ်ကျဉ်းတို့တိမ်ကော
ပန်းခင်း ရေမြေ တောတောင် ရှုခင်း
အပူရောင်ထင်းထင်းစူးရဲ
မျှော့နက်မည်းတို့ တိုးများလာဆဲခဏ။

တခါ တခါ…
နတ္ထိက ၀ါဒတွင်းနှုတ်ခမ်းနား
မှတ်မှားအာရုံ ချဉ်းကပ်
(ကိုယ့်ကိုယ်ကို)
သတိမပြတ် ကပ်နေရဆဲ ခဏ။ ။
အံ့အားသင့်စရာကောင်းပုံက
ကမ်းနားသစ်ပင်တို့ရဲ့ကိုင်းညွှတ်ချက်
အလွတ်ကျက်ထားသလို တတွတ်တွတ်
အပေါ့စားဂုဏ်သိက္ခာစွပ် ပါးစပ်ဖျားက
ငါးမျှားချိတ်တန်းလန်းကျနေကြပုံ။

ယုန်ရုပ်ရေးပြနေစရာမလို
နံရံကိုခေါင်းနဲ့တိုက်သလိုဖြစ်မှာပ တဲ့
ပဲ့ကျသွားတဲ့ဦးခေါင်းနေရာမှာ
အစာအိမ်တွေကိုအစားထိုးပစ်လိုက်ကြ
ကကြိုးရှုပ်တဲ့ရုပ်သေးရုပ်များပေ။

ကြည့်လေလေရာမှာတော့
အခါခါသေဆုံးနေသူတွေက
ပျဉ်ဖိုးသာ ကုန်းရုန်းရှာနေကြ ရဲ့။ ။
ကိုယ့်ချောင်ထောင့်ကွေးလေးထဲ
မီးအိမ်လေးထွန်းပေးမလို့..တဲ့…။
ဒါပေမဲ့ မိုးလေကြမ်းလွန်း..
မီးဇာကုန် ဆီခမ်းလွန်း…
တခါတခါကျတော့လည်း လေလုံငြိမ်သက်လွန်းသတဲ့..။
ဒါနဲ့ပဲ.. ငြိမ်ငြိမ်လေး ကုပ်ကွေးနေရ..
ဒီချောင်ကိုလည်း မခွာရက်နိုင်ဘူးတဲ့လေ.. သူက။

ကျမကတော့ အမှောင်ကြောက်သူ..။
ဒါပေမဲ့ အမှောင်ထုထဲမှာပါပဲ
ခြေသံလုံအောင် တိုးဖွဖွလှမ်းနေရ..
လက်သည်းချွန်မြတွေကိုတော့
မသိမသာ ကုပ်သွေးထားမိပါတယ်..
ဒီလိုနဲ့ပဲ
မိုးလေကြမ်းကို ခုခံရဲခဲ့…
မှောင်ထဲမှာ မျက်လုံးတွေ လက်ပသူ ကျမက
ချောင်ထဲက အပူကိုတော့ မုန်းတယ်..။

အဲဒီအခါ...
အပူချောင်ကို စွန့်ခွာ
မှောင်တ၀က်အလင်းမှာ ပျော်သယောင်။
(၀၉-၁၄-၁၀)
“ ရန် ... ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ .... ”

(အောင်ဝေး)
ရန်သူရဲ့ သေနတ်ပြောင်းဝက
    တစက်စက်ကျတဲ့ သွေး
    ငါတို့တတွေရဲ့ သွေး
    ဘယ်တော့မှ မတိတ်တဲ့ သွေး
    အရေးတော်ပုံ သွေး။

    သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
    အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
    မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။

    အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
    ရန်သူများ
    သစ္စာဖောက်များ
    ကိုယ်ကျိုးရှာသမားများ
    သတင်းပေးများက
    မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပါ။

    နှလုံးသားထဲက ကျောက်တိုင်
    ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
    အောင်လံကိုင်သူ အစစ်အမှန်ဟာ
    ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။

    တင်မိုး
ညီမောင် စစ်သည်ရေ ...
တကယ်လို့မင်းဟာ စစ်သားကောင်းတယောက် ဖြစ်မယ်ဆိုရင် -
မင်း စိတ်ထဲမှာ
မင်း ရင်ထဲမှာ
မင်း နှလုံးသားထဲမှာ
စစ်သားတယောက်ဟာ စစ်သားတယောက် သက်သက်မဟုတ်တော့ဘူး။

တကယ်လို့ ညီလေးဟာ မျိုးးချစ်ရဲဘော်တဦး ဖြစ်မယ်ဆိုရင် -
စစ်သားတယောက်ဟာ
ကျောင်းသားတယောက်
ဒါမှမဟုတ် သံဃာတပါး
ဒါမှမဟုတ် ပြည်သူတဦးလည်း ဖြစ်နိုင်တာပဲ။

တကယ်လို့ငါ့ညီဟာ ဒီမိုကရေစီဘက်သား စစ်သည်တော်တပါး ဖြစ်မယ်ဆိုရင် -
စစ်သားတယောက်ရဲ့ အဓိပ္ပါယ်မှာ မင်းဟာ
ကျွန်တယောက် မဟုတ်သလို
သားသတ်သမားလည်း မဟုတ်ဘူး
ထို့အတူ သစ္စာဖောက်လည်း မဟုတ်ဘူးပေါ့။

မင်း အပါအဝင်
တို့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေ
မင်း အပါအဝင်
တို့ ဒီမိုကရေစီ မြတ်နိုးသူတွေ
မင်း အပါအဝင်
တို့ ငြိမ်းချမ်းရေး ကြိုးပမ်းသူတွေ

တို့အားလုံး လက်ချင်းချိတ်ပြီး အစိုးရတရပ် -
ပြည်သူ့အတွက် ပြည်သူက ရွေးချယ်တင်မြှောက်တဲ့
အဲဒီလို ပြည်သူ့အစိုးရတရပ်
တို့ တည်ဆောက်ကြရအောင်။

ကဲ ... ညီမောင် စစ်သည်အပေါင်းတို့
အချိန်မဆိုင်းဘဲ နည်းလမ်းရှာကြံပြီး
ပြည်သူတွေကို ကယ်တငကြလော့ -
ပြည်သူတွေကို ချစကြလော့ -
ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ကြပါလော့ - ။ ။

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
စစ်သားဟောင်းကြီး တဦးရဲ့ သား
၅-၁ဝ-ဝ၇
ရဲ - ဇွဲ - ဉာဏ် - စည်း - တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ
.
..
..
..
..
..
..
..

(ဟံသာဝတီ ဦးဝင်းတင်)
ဇွန် ၁၃၊ ၂၀၁၀


၁၉၉၉ နှစ်ကုန်ပိုင်းက အင်းစိန်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးရေးတဲ့ ကဗျာ။ ရဲ ဆိုတာ ရဲရင့်ခြင်း၊

ဇွဲ ဆိုတာ ဇွဲမြဲခြင်း၊

ဉာဏ် ဆိုတာ ဉာဏ်မြော်မြင်ကြီးခြင်း၊

စည်း ဆိုတာ စည်းကမ်းကြီးခြင်း
စည်းကမ်းသိခြင်း
စည်းကမ်းထိန်းခြင်း

တာ ဆိုတာ တာဝန်သိခြင်း
တာဝန်ယူခြင်း
တာဝန်ခံခြင်း


ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။

သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

နို့မဝ၍
ညညထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တမိုးသောက်လျှင်
နောက်ထပ်တဖန် ငိုဦးမည်။

ဖ မတွေ့၍
ညညနေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး၊ ငိုရှာမည်။

မိ မလာ၍
နို့ဆာနို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ၊ ငိုတော့မည်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

နို့မရ၍
တညထငို၊ ကျီးအုပ်ပြိုသည်
ခွေးညိုထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။

အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ဝင်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
'စစ်အစိုးရ ကျဆုံးပါစေ'။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
'လူထုအစိုးရ ပေါ် ထွန်းပါစေ'။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။

အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။

ဟိံ သစ္စံ၊ အမှန်ဖက်၍
'အစိုးရပျက်'
'အာဏာစက်'ကို
ဓမ္မစက်နှင့် 'ဖျက်'စေသတည်း။ ။

အောင်ဝေး
(၂၉-၉-ဝ၇)

(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ်သို့ ...)
ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို
ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ်
နောက်ကျနေပြီ အသိကညှင်း
ဘိန်းစားဘိန်းပြတ်သလို
ကဗျာငတ်ခဲ့ပါတယ်
စာငတ်ခဲ့ပါတယ်
အမြတ်တနိုးနဲ့
မစားရက် မသောက်ရက်ခဲ့သမျှ
လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ
ဒဏချိုချိုဘဝတိုတို သားရည်ယို ငေးကောင်းတုန်း
ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို
ဖျောက်ပြမှာကို သိနေလည်း
ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။

ဟော-ယကွင်းဆွဲကြီး ချမ်းကနဲခုတ်လိုက်ပေါ့
မျက်လှည့်ပွဲ ပြီးတော့မယ်
ပြန်စရာကလည်း အိမ်မရှိဘူး
မက်စရာအိပ်မက်လည်းမရှိဘူး
အိတ်ထဲလက်နှိုက်တော့
မနေ့ည နောက်ဆုံးရထားလက်မှတ်
အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။

မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ် ကဗျာ)
သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟော့ဒီ ကာလဟက်တက်ကြီးထဲ
အလွမ်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့်ဂူစတီနာ။

မီးသဂြိုလ်စက်တလုံးလို
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်လောင်ကျွမ်းကြ။

ဒါ နှင်းဆီရောင်အလှတရားလား..
စုန်းမအိုရဲ့ မြည်တွန်တောက်တီးသံတွေလား..
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား..။

ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့..
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့..
ဝါးလုံးဆွေးနဲ့ အလံထောင်လို့

မိစ္ဆာက ဟားတိုက်ရယ်နေရဲ့။
ငါတို့ဖိနပ်သာ ငါတို့ သေနတ် ဖြစ်တယ်။

သွေးကြွေးဆိုတာ
ဆွေးနွေးဖို့ မရှိတော့ပါ။

သစ်ကောင်းအိမ်
(၁၁၊ ၁ဝ၊ ဝ၇)
နေပြင်းလျှင်
    နှင်းမှုန်လည်း
    စွေ့စွေ့ခုန် အိုက်လိုအိုက်
    ခိုက်ခိုက်တုန် ချမ်းလိုချမ်း
    အခန်းကျဉ်ကျဉ်း
    အလင်းမဝင် .. လေမဝင်
    နေမမြင် .. လမမြင်
    လူမမြင် .. သူမမြင်မှာ
    ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
    အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
    သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ
    စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
    တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
    အဟောသိက .. သံသရာ
    ငါ့ကမ္ဘာ ပိစိကွေး
    အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
    သံတခါးဝ .. ရပ်လိုက်
    တမတ်တပ်တပ် .. တနေကုန်။

    မနေ့ ကလည်း .. တနေကုန်
    ဒီနေ့ လည်း .. တနေကုန်
    မနက်ဖြန်လည်း .. ကုန်အုံးမယ်
    ကုန် .. ကုန် .. ကုန် ..
    ကုန်ချင်သလောက်ကုန်စမ်း..
    တရက်ကုန်မလား .. တသက်ကုန်မလား
    တလကုန်မလား .. တဘဝကုန် မလား
    တနှစ်ကုန်မလား .. တခေတ်ကုန်မလား
    အားမလျှော့ဘူး .. မပျော့ဘူး
    ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
    အမှန်တရား .. တို့ဖက်မှာရှိတယ်
    ပြည်သူအများ .. တို့ဖက်မှာရှိတယ်
    ကာလယန္တား .. တို့ဖက်မှာရှိတယ်
    ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
    သိကြရဲ့လား။

    တိရစ္ဆာန်ရုံ က ကျားလို .. လှောင်အိမ်ထဲမှာ
    တလွန့်လွန့်နဲ့ 
    ကျားညွန့် တုံးမယ် ထင်နေသလား ..
    မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင် စရာ။

    မှတ်ထားဟေ့ ..
    အဝါပေါ်မှာ .. အနက်စင်း ..
    မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
    အရှင်းသား မလွဲသ၍
    အထင်းသားစွဲ သ၍
    ကျားရဲဟာ ကျားရဲ
    ငါလည်း ..
    အဲဒီလိုပဲကွ .. ဟေ။

    ဦးဝင်းတင် (ဟံသာဝတီ)
    (ထောင်တွင်းမှကဗျာ)
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။

ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။

တနေ့နေ့လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။

ရွှေဘုန်းလူ