ဘေဘီနီလာသိန်းဧချင်း (အောင်ဝေး )

Anonymous | 6:21 AM | 0 comments



ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။

သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

နို့မဝ၍
ညညထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တမိုးသောက်လျှင်
နောက်ထပ်တဖန် ငိုဦးမည်။

ဖ မတွေ့၍
ညညနေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး၊ ငိုရှာမည်။

မိ မလာ၍
နို့ဆာနို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ၊ ငိုတော့မည်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

နို့မရ၍
တညထငို၊ ကျီးအုပ်ပြိုသည်
ခွေးညိုထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။

အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ဝင်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
'စစ်အစိုးရ ကျဆုံးပါစေ'။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
'လူထုအစိုးရ ပေါ် ထွန်းပါစေ'။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး ...

သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။

အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။

ဟိံ သစ္စံ၊ အမှန်ဖက်၍
'အစိုးရပျက်'
'အာဏာစက်'ကို
ဓမ္မစက်နှင့် 'ဖျက်'စေသတည်း။ ။

အောင်ဝေး
(၂၉-၉-ဝ၇)

(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ်သို့ ...)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .

0 comments